ပလောက်မြို့၌ ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသော အသက် (၁) နှစ်မှ (၅) နှစ်အရွယ် ကလေးငယ်များကို Catch-up Immunization နည်းလမ်းဖြင့် အမီလိုက်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေး

ပလောက် ဇန်နဝါရီ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသော အသက် (၁) နှစ်မှ (၅) နှစ်အရွယ် ကလေးငယ်များကို Catch-up Immunization နည်းလမ်းဖြင့် အမီလိုက် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းက တိုက်နယ်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် မြို့တိုက်နယ်ဆေးရုံ ဆရာဝန် ဒေါက်တာရဲမြင့်ဟိန်းနှင့် ကျန်းမာရေးဝန်ထမ်းများက အသက်အရွယ်အလိုက် လိုအပ်သော ကာကွယ်ဆေးများဖြစ်သည့် ပိုလီယိုအစက်ချကာကွယ်ဆေး (BOPV) ၊ ပိုလီယိုကာကွယ်ဆေးထိုးဆေး (IPV) ၊ ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေး (MR) ၊ ငါးမျိုးစပ်ကာကွယ်ဆေး (Penta)၊ ဂျပန်ဦးနှောက်ရောင်ရောဂါ (JE) တို့ကို အသက် (၁) နှစ်မှ (၅) နှစ်အရွယ် ကလေးငယ်များအနက်မှ ကာကွယ်ဆေးလုံးဝမရရှိသေးသော ကလေးငယ်များနှင့်ကာကွယ်ဆေး အကြိမ်ပြည့် မရရှိသေးသည့် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

အလားတူ မြို့ပေါ်အမှတ် (၄) ရပ်ကွက်၌ ကာကွယ်ဆေး အကြိမ်ပြည့်မရရှိသေးသော အသက် (၁) နှစ်မှ (၅) နှစ်အရွယ် ကလေးငယ်များကို Catch-up Immunization နည်းလမ်းဖြင့် အမီလိုက် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နှင်းမြူလွင်(ပလောက်)