ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာတွင် နွေစပါးသီးနှံ စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေး တောင်သူပညာပေးဆွေးနွေးပွဲ ကျင်းပ

ပွင့်ဖြူ ဇန်နဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA)တို့ ပူးပေါင်းပြီး နွေသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်း နွေစပါးစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန်နှင့် ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ တိုးချဲ့စိုက်ပျိုးနိုင်ရန် ရည်ရွယ်ပြုလုပ်သည့် တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာဓမ္မာရုံ၌ ကျင်းပခဲ့သည်။

အသိပညာပေးဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း(FFA)ဥက္ကဋ္ဌ ဦးမြင့်အောင်က စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြေဆီလွှာကောင်းမွန်ရေးနှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာများ၊ သဘာဝမြေဩဇာနှင့် သဘာဝဆေးများ ပြုလုပ်သုံးစွဲခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

ဆက်လက်၍ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေနှင့် မုန်းသီတာမျိုးသန့်ထုတ်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက နွေသီးနှံစိုက်ပျိုးရာသီတွင် စပါးသီးနှံ စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်၍ လျာထားစိုက်ဧက ပြည့်မီအောင် စိုက်ပျိုးကြရန်၊ စိုက်ပျိုးရေ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေး စနစ်တကျသုံးစွဲစိုက်ပျိုးကြရန်၊ သီးနှံအထွက်နှုန်းတိုးတက်စေရေး၊ စိုက်ပင်အရေအတွက် ပြည့်မီအောင် စိုက်ပျိုးကြရန်၊  စိုက်ပျိုးရေးသွင်းအားစုများ မျှတစွာ သုံးစွဲပြီး ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ဂရုတစ်စိုက်ဆောင်ရွက်ကြရန် စသည့် စိုက်ပျိုးရေးဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက စပါးသီးနှံ စိုက်ပျိုးရာတွင် အထွက်နှုန်းတိုးတက်ရေးနှင့် ပိုးမွှားရောဂါမကျရောက်အောင် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။

အဆိုပါ တောင်သူပညာပေးဆွေးနွေးပွဲသို့ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မုန်းသီတာမျိုးသန့်ထုတ်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများ၊ မြို့နယ်တောင်သူအကျိုးဆောင်အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျေးရွာတောင်သူအကျိုးဆောင်ကော်မတီဝင်များနှင့် ဒေသခံတောင်သူများ၊ စုစုပေါင်း ၁၃၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။   

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)