ငဖဲ ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမ၌ မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူများ(Book Club)အဖွဲ့နှင့် Youth Club အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့်ရေးသားသော “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ”စာအုပ်ကို ယနေ့ နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဉမ္မာကျော်က စာပေဝါသနာပါသူများအနေဖြင့် အသိပညာဗဟုသုတများ အပြန်အလှန် ဆွေးနွေးပြောကြားတတ်သည့် အလေ့အထများဖြစ်ပေါ်လာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ လစဉ်ပုံမှန် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ် Book Club အဖွဲ့ဝင် ဒေါ်ဝင်းဝင်းအေးက စာရေးဆရာမ ခင်စောတင့်ရေးသားသော “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ”စာအုပ်တွင်ပါဝင်သည့် “ရွေ့လျားစက်လှေကားပေါ်မှ သူစိမ်း”စာစုပါ သက်ကြီးရွယ်အိုများ၊ ဒုက္ခရောက်နေသူများ စသည်တို့ကို မိမိအတိုင်းအတာနှင့်မိမိ လူတစ်ဖက်သားကို ဝိုင်းဝန်းကူညီစောင့်ရှောက်ကြရန် လူတိုင်းကိုယ်စီ အသိတရားထားနိုင်ကြလျှင် အကောင်းဆုံးဖြစ်ကြောင်း၊ “မွေးမေမေနဲ့ကျွေးမေမေ”စာစုပါ မိဘ၏ သားသမီးအပေါ်ထားသည့် မေတ္တာတရားနှင့် မွေးဖွားပေးရုံသက်သက်ဖြင့် မိခင်ကောင်းတစ်ယောက်ဖြစ်မလာသေးဘဲ နှစ်ပေါင်းများစွာ ကလေးကို မေတ္တာနှင့် ဂရုဏာထားနိုင်မှသာ မိခင်ကောင်းဟုခေါ်ဆိုနိုင်မည်ဖြစ်ကြောင်းနှင့် Youth Club အဖွဲ့ဝင် မောင်ဘုန်းမြတ်ညီက အလုပ်အကိုင်အခွင့်အလမ်း၊ အသိပညာနှင့် အတတ်ပညာတွေသည် မိမိတို့လက်တစ်ကမ်းမှာ၊ ပတ်ဝန်းကျင်းနေရာအနှံ့အပြားမှာ တွေ့ရှိရယူနိုင်ကြောင်း၊ မိမိကိုယ်တိုင်က ခက်ခဲကြမ်းတမ်းမှုများကို ရင်ဆိုင်နိုင်သရွေ့ အောင်မြင်မှုအသီးအပွင့်တွေကို ခူးဆွတ်ရယူခံစားနိုင်မှာဖြစ်ကြောင်း စသည်တို့ကို စာပေဗဟုသုတအမြင်ခြင်း အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)