ပိုင်ကျုံ ဇန်နဝါရီ ၂၃
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ မိုးနိုင်ကျေးရွာအုပ်စုရှိ အ.မ.က ထီးဖိုးမယ်ဘောကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း စွမ်းဆောင်ရည်အကောင်းဆုံးရရှိသည့် ကျောင်းသား/ သူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ကျောင်းသား/ သူများက မြတ်ဆရာ တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး အ.ထ.က ပိုင်ကျုံကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက မိဘ၊ ဆရာပူးပေါင်း ကလေးပညာကောင်း သိကောင်းစရာများကိုလည်းကောင်း၊ ထီးဖိုးမယ်ဘောအသင်းတော်မှ အသင်းအုပ်ဆရာက မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် အကြောင်းများကိုလည်းကောင်း အသီးသီး အမှာစကားပြောကြားပြီးနောက် အခမ်းအနား ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးသူများအား ကျောင်းကော်မတီအဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ထူးချွန်အောင်မြင်စွာ ဖြေဆိုနိုင်သည့် ကျောင်းသား/ သူများအား တာဝန်ရှိသူများမှ ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ဆရာ/ မများကို ဂုဏ်ပြုအမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အခမ်းအနားတွင် တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များအား ကျောင်းသား လူငယ်များတို့က တေးသီချင်း သရုပ်ဖော်များဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)