မုံရွာ ဇန်နဝါရီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုဓာတ်မြေသြဇာနှင့် လယ်ယာသုံးစက်မောင်းဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်ဇေယျာ ခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှဝန်ထမ်းများနှင့် မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၇ ရွာမှ ဒေသခံတောင်သူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အဓိကအားပြုလုပ်ကိုင်ဆောင်ရွက်နေသည့် တိုင်းဒေသကြီးတစ်ခုဖြစ်သည်နှင့်အညီ တိုင်းဒေသကြီးအတွင်း နှစ်စဉ်စိုက်ပျိုးလျက်ရှိသည့် စပါး၊ ဆီထွက်သီးနှံနှင့် ဝါသီးနှံအပါအဝင် သီးနှံမျိုးစုံအား စိုက်ဧကလျာထားချက်ပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသည့် စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် စီးပွားရေးမူဝါဒများအား ခိုင်မာစွာချမှတ်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာထုတ်လုပ်နိုင်ရေး၊လယ်ယာကဏ္ဍကုန်ထုတ်စွမ်းအားများ မြင့်မားလာစေရေး၊ တောင်သူများ ဝင်ငွေတိုးတက်ရရှိစေရေးနှင့် ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသည့် စားရေရိက္ခာများထုတ်လုပ်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိသည်။
ထို့နောက် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်းလေးသွယ်ဖြင့် စနစ်တကျ ဆောင်ရွက်မည်ဆိုပါက သတ်မှတ်ထားသည့် ပန်းတိုင်ရည်မှန်းချက်များအတိုင်း သီးနှံများထွက်ရှိနိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ကူညီပံ့ပိုးပေးမှုများနှင့်အတူ စိုက်ပျိုးရေးပညာရှင်များ၏စိုက်ပျိုးနည်းပညာများ ဖြန့်ဝေပေးမှုများအား တောင်သူလယ်သမားများအနေဖြင့် ကြိုးစားအားထုတ်လိုက်နာဆောင်ရွက်ကြမည်ဆိုပါက စိုက်ပျိုးသီးနှံများ အထွက်တိုးပြီး တောင်သူများ ဝင်ငွေတိုးပွား၍ ဓနအင်အားဖြိုးကြွယ်ဝကာ လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်လာပြီး နိုင်ငံ့စီးပွား မြင့်မားလာမည်မှာ ဧကန်မလွဲနိုင်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဆောင်းသီးနှံများ စိုက်ပျိုးထားရှိမှု အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်း လယ်ယာမြေသုံးစွဲစိုက်ပျိုးနေမှု အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း)မှ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်း ဆည်တမံ များမှစိုက်ပျိုးရေး ပေးဝေနေမှု အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ဒုတတိယညွှန်ကြားရေးမှူးက လျှပ်စစ်မြစ်ရေတင် လုပ်ငန်းများမှ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေအားလည်းကောင်း၊ တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လယ်ယာသုံးစက်ကိရိယာများ သုံးစွဲနေမှုနှင့် ပေးအပ်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်းရှိ ငါးမွေးကန်များတွင် ပြည်သူများငါးစားသုံးမှု ဖူလုံပြည့်ဝစေရအတွက် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက အသား/ဉ မွေးမြူထားရှိမှုများနှင့်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း အသီးသီးရှင်းလင်း ပြောကြားကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၏တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးမှ လက်ထေက်ညွှန်ကြားရေးမှူး ဒေါက်တာတင်မာမာဦးက မြေပဲသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများအားလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်စောသန္တာနွယ်က နှမ်းသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများအားလည်းကောင်း Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက မုံရွာမြို့နယ် အတွင်းရှိ ကျေးရွာ ၁၇ မှ ဒေသခံတောင်သူ ၃၅၀ ဦးအတွက် ကျေးရွာကိုယ် စားလှယ်များထံ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည့် သွင်းအားစုဓာတ်မြေသြဇာ ၃၅၀ အိတ်နှင့် လယ်ယာသုံးစက်မောင်းဆီ ဂါလံ ၁၀၅၀ တို့အား အသီးသီးပေးအပ်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါရုံးဝန်းအတွင်း အခမ်းအနားသို့ တက်ရောက်လာကြသည့် မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၇ ရွာမှ ဒေသခံတောင်သူ ၃၅၀ ဦးအား လယ်ယာသုံးစက်မောင်းဆီများ ခွဲဝေရောင်းချပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုနှင့် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ငွေနှင်းမှိုများရောင်းချပေးနေမှုများအား လိုက်လံကြည့်အားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)