စလင်း ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြို့မစည်ပင်သာယာစျေးကြီးအတွင်း ရောင်းချလျက်ရှိသည့် ဝက်၊ အမဲ၊ ဆိတ်နှင့် အသားငါးများစျေးနှုန်း မြှင့်တင်ရောင်းချမှုမရှိစေရေး သတ်မှတ်ရည်ညွှန်းစျေးထက်ရောင်းချမှုမရှိစေရန် တာဝန်ရှိသူများက ယနေ့ နံနက်(၈)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ စျေးတာဝန်ခံ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ကော်မတီဝင်များနှင့်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့များပါဝင်သော အဖွဲ့များလိုက်ပါ၍ ဝက်၊ အမဲ၊ ဆိတ်သားအပါအဝင် အသားငါးစျေးနှုန်းများအား သတ်မှတ်ရည်ညွှန်းစျေးထက် စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရန်နှင့် အလေးချိန်ခွင်ပြည့်ဝစွာချိန်တွယ်အလေးချိန်ပြည့်စွာဖြင့် သတ်မှတ်စျေးနှုန်းများအတိုင်း ပြည်သူအများဝယ်ယူစားသုံးနိုင်စေရန်နှင့် စျေးနှုန်းမြှင့်တင်၍ရောင်းချမှုမရှိစေရန်တို့ကို လက်ကိုင်အသံချဲစက်များဖြင့် လိုက်လံကြေငြာအသိပညာပေး၍ လက်ကမ်းစာစောင်များဖြန့်ဝခဲ့ကြောင်း သိရှိရသည်။
(မောင်လွင်)စလင်း