မြို့သစ်မြို့ပေါ်ရှိ ဈေးဆိုင်များ၌ ကုန်စည်(၁၀)မျိုးနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး

မြို့သစ်  ဇန်နဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့ပေါ်ရှိ ဈေးဆိုင်များ၌ ကုန်စည်(၁၀)မျိုးနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီ အချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများပူးပေါင်း၍ စည်ပင်သာယာဈေးကြီးနှင့် ရပ်ကွက်အတွင်း အရောင်းဆိုင်များ၌ အသင့်စားမုန့်အမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ အချိုရည်နှင့် ယိုမျိုးစုံ၊ စည်သွပ်အစားအစာအမျိုးမျိုး၊ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်ကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းအမျိုးမျိုး၊ ဆပ်ပြာခဲအမျိုးမျိုး၊ သွားတိုက်ဆေးအမျိုးမျိုး စသည့် ကုန်စည်အမျိုးအစား (၁၀)မျိုးနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ် ရှိ၊ မရှိ အခြေအနေများ၊ ရောင်းချနေသည့် ကုန်ပစ္စည်းအမျိုးအစားများအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှု ရှိ၊ မရှိအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးကြပြီး ဈေးအတွင်းရှိ ဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)