မကွေး ဇန်နဝါရီ ၂၃
၂၀၂၅ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့က မကွေးမြို့ ဖန်ခါးမြေဂေါက်ကလပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံဟော်တယ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ၊ ဂေါက်သီးရိုက် အားကစားဝါသနာရှင်များနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်နှင့် တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေတို့က ၂၀၂၅ ခုနှစ်၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ဂေါက်သီးရိုက်၍ ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများအား တာဝန်ရှိသူများက ဂါရဝပြုလက်ဆောင်များ ပေးအပ်ကာ ပြိုင်ပွဲများအား ဆက်လက်ကျင်းပခဲ့သည်။
အဆိုပါ ၂၀၂၅ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ ပြိုင်ပွဲဝင်များက မကွေး၊ မင်းဘူး၊ အောင်လံ၊ သရက်မြို့များသို့ သွားရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)