နတ်မောက် ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် ကျောင်းသား/သူများဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ ကလေးစာဖတ်ခန်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သင်းသင်းဝေ(ဒုတိယဦးစီးမှူး)က အားလပ်ချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ မကိုယ်ပိုင်တီထွင်တတ်သည့် အတွေးအခေါ်များရှိစေရန်၊ စာကြည့်တိုက်သို့ လာရောက်သည့် အလေ့အထ များဖြစ်စေရန်နှင့် စိတ်လက် ပျော်ရွင်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပေးခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပရာ အခြေခံပညာအလယ်တန်းကျောင်း (တမာပင်)မှ ကျောင်းသား/သူ (၂၇)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူတို့က ဆုများအသီးသီး ချီးမြှင့်ပေးခဲ့သည်။
လှဝင်း