ကန်ကြီးထောင့် ဇန်နဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာ၊ ဗဟုသုတများ တိုးပွားစေရန်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြခြင်းများကို ယမန်နေ့နံနက် (၉)နာရီအချိန်က မဂူကျွန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မဂူကျွန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက အဖွင့် အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးက ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်အလက်များနှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ရာ၌ မီးသတ်ဆေးဘူးအား အသုံးပြုနည်းများအား စနစ်တကျ ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေး ဉာဏ်စမ်းပဟေဠိများ မေးမြန်းခဲ့ရာ ဖြေဆိုဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မဂူကျွန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၇၄)ဦးတို့အား မီးသတ်ဆေးဘူးကို အသုံးပြု၍ မီးငြိမ်းသတ်နည်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြိမ်းသတ်နည်းနှင့် မီးငြိမ်းသတ်ယာဉ်များဖြင့် မီးငြိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြသ လေ့ကျင့်ပေးခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ပူးပေါင်းပါဝင်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)