မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်ငူမြို့နယ်အတွင်းရှိ ကျေးရွာများသို့ မွေးမြူရေးပညာပေး ဆွေးနွေးပွဲကျင်းပ

တောင်ငူ ဇန်နဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဝင်းဗိုလ်ဦးဆောင်၍ တောင်ငူခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ တောင်ငူမြို့နယ်အတွင်းရှိ ကျေးရွာများသို့ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပဲခူးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဝင်းဗိုလ်၊ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုး၊ တောင်ငူခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာနေစိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က တောင်ငူမြို့နယ်အတွင်းရှိ ချောင်းဖြူကျေးရွာ၊ နေပူကုန်းကျေးရွာ၊ ငါးဖယ်အင်းကျေးရွာနှင့် ခပေါင်းတိန်ကျေးရွာများသို့ သွားရောက်၍ ကျေးရွာနေပြည်သူများ၊ မွေးမြူသူတောင်သူများအား မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးနည်းပညာများ၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ တိရစ္ဆာန်အစာပင်စိုက်ပျိုးရေးနှင့် အရင်းအနှီးသွင်းအားစုရရှိရေးတို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်းနှင့် တောင်ငူခရိုင်အတွင်း၊ မြို့နယ်များရှိ ကျေးရွာများသို့ မွေးမြူရေးပညာပေး ဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ကိုကို(ပြန်/ဆက်)