ချောက် ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ကျောင်းတွင်း အာဟာရ ကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးနှင့် ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က အ.မ.က(၁၁)မြို့တိုးချဲ့ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မျိုးသက်ဦးနှင့် ဝန်ထမ်းများ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းမာသိန်းနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးထွန်ဆင့်ဝင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းနွမ်ခမ်းခေါင်နှင့် အဖွဲ့ဝင်များက အ.မ.က (၁၁) မြို့တိုးချဲ့ကျောင်းရှိ KG တန်းကျောင်းသား/သူ(၁၇)ဦးအား အာဟာရကျွေးမွေးခြင်း၊ အာဟာရ(၃)အုပ်စုအကြောင်း ကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ စနစ်မှန်သွားတိုက်ခြင်းအား နေ့လယ်စာကျွေးမွေးပြီး ဆောင်ရွက်စေခြင်း၊ သရုပ်ပြဟောပြောခြင်းနှင့် အဏုအာဟာရမှုန့်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို ချောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၉၁) ကျောင်းတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး KG တန်းကျောင်းသား/သူ(၃၁၃၁)ဦးအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။ ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို ယခုပထမအကြိမ် အပါအဝင် ဇန်နဝါရီလအတွင်းနှစ်ကြိမ်နှင့် ဖေဖော်ဝါရီလအတွင်း တစ်ကြိမ်စုစုပေါင်းသုံးကြိမ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)