မင်းဘူးမြို့၌ ကွမ်းနုဝါ တစ်ပိဿာလျှင် ငွေကျပ် ၂၈၀၀၀ ခန့် ပေါက်ဈေးရှိပြီး လက်ရှိ ကွမ်းရွက်ဈေးကွက်အရ အတက်ဘက်သို့ ဦးတည်နေ

မင်းဘူး ဇန်နဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ကွမ်းနုဝါ(မုံရွာကွမ်း) တစ်ပိဿာလျှင် ငွေကျပ် ၂၈၀၀၀ ခန့်အထိ ပေါက်ဈေးရှိပြီး လက်ရှိဈေးကွက်အရ ကွမ်းရွက်ဈေးနှုန်းမှာ အတက်ဘက်သို့ ဦးတည်နေကြောင်း မင်းဘူးမြို့ရှိ ကွမ်းရွက်အရောင်းဆိုင်များထံမှ သိရသည်။

မင်းဘူးမြို့၌ ကွမ်းရွက်ဈေးကွက်သည် စစ်ကိုင်းဒေသကြီး၊ မုံရွာမြို့မှ အများဆုံးဝင်ရောက်ပြီး မိမိဒေသထွက်ကွမ်းအပြင် စျေးကွက်အတွင်းသို့ ကွမ်းရွက်ဝင်ရောက်မှု နည်းပါးချိန်၌ အခြားသော တိုင်းဒေသကြီး/ပြည်နယ်များမှလည်း ဝင်ရောက်လေ့​ရှိကြောင်း၊ ကွမ်းနုဝါ(ခေါင်စကွမ်း)၊ အိမ်စားကွမ်းနှင့် ပယ်ကွမ်းဟူ၍ သုံးမျိုးခွဲခြားပြီး ရောင်းချရကာ ယခုလက်ရှိ ကွမ်းနုဝါ(မုံရွာကွမ်းခေါင်စ) တစ်ပိဿာကို ငွေကျပ် ၂၈၀၀၀ နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ ကွမ်းရွက်ဈေးကွက်သည် ဆောင်းနှင့် နွေရာသီတွင် ဈေးနှုန်းမြင့်တက်လေ့ရှိပြီး မိုးတွင်းရောက်မှသာ ကွမ်းရွက်ဈေးနှုန်း ပြန်လည်ကျဆင်းလေ့ရှိကာ ပြီးခဲ့သည့်မိုးတွင်းကာလ၌ ကွမ်းရွက်ဈေးနှုန်းမှာ ကွမ်းနုဝါ ခေါင်စ(မုံရွာကွမ်း) တစ်ပိဿာလျှင် ငွေကျပ် ၁၈၀၀၀ ခန့်သာရှိကြောင်း၊ ပင်းရင်းကွမ်း စိုက်ပျိုးသည့်ခြံများ၌ ကွမ်းရွက်သည် မိုးရာသီတွင် ကွမ်းရွက်အထွက်နှုန်များပြီး မကြာခဏ ခူးယူရောင်းချရသော်လည်း ဆောင်းနှင့် နွေရာသီများတွင် အထွက်နှုန်းကျဆင်းကာ ကွမ်းရွက်ခူးယူရောင်းချရသည့် အကြိမ်ရေ နည်းပါးသောကာလ (ကွမ်းရွက်အထွက်နှုန်း လျော့နည်းသည့်ကာလ) ဖြစ်သည့်အတွက် ယခုလို ရာသီချိန်ရောက်တိုင်း ကွမ်းရွက်ဈေးနှုန်းမှာ မြင့်တက်နေရခြင်းဖြစ်ကြောင်း မင်းဘူးမြို့မဈေးမှ ကွမ်းရွက်ပြန်လည်ဖြန့်ဖြူးရောင်းချသူ ဈေးသည်တစ်ဦးက ပြောကြားခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ ဆိုင်ကွမ်း/ယာကွမ်း စားသုံးသူအများစုသည် ကွမ်းနုဝါ(မုံရွာကွမ်း)ကိုသာ အများဆုံး ရွေးချယ်စားသုံးလေ့ရှိပြီး ကွမ်းစိမ်း(ခေါ်)ရန်ကုန်ကွမ်းရွက်ကို စားသုံးသူ အလွန်နည်းပါကြောင်း၊ ကွမ်းယာရောင်းချသူများအနေဖြင့် ဝယ်ယူရသည့် ကွမ်းရွက်၊ ကွမ်းသီး၊ ထုံးနှင့် ဆေးမွှေး စသည့် ဈေးနှုန်းများအပြင် အခြားကုန်ကျစရိတ် ဈေးနှုန်းအတက်/အကျ အပေါ်မူတည်၍ ကွမ်းယာအရေအတွက်ကို (အယာ)အတိုး/အလျှော့ပြုလုပ်ပြီး ရောင်းချနေရကြောင်း၊ ကွမ်းအယာကောင်းသည့်ဆိုင်(လက်ရာကောင်းသောဆိုင်)များအနေဖြင့် တစ်ရက်လျှင် ပျမ်းမျှ ကွမ်းရွက် နှစ်ပိဿာမှ သုံးပိဿာခန့် ကုန်သည်အထိ ရောင်းချရသည့်အတွက် မိသားစုဝင်ငွေတိုးပွားကာ စီးပွားဖြစ်တွက်ချေကိုက်ကြောင်း မင်းဘူးမြို့ရှိ ကွမ်းယာအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ရှင်းပြခဲ့သည်။

ယခုလက်ရှိ မင်းဘူးမြို့၌ ကွမ်းယာ တစ်ယာကို ငွေကျပ် ၂၀၀ နှုန်းဖြင့် ငွေကျပ် ၁၀၀၀ ဖိုးလျှင် ကွမ်းယာ ၈ ယာသာရရှိပြီး ကွမ်းရွက်စျေးတက်သည့်ကာလဖြစ်၍ မြန်မာဆေး(ဗမာဆေး)ဖြင့် မဟုတ်ဘဲ အခြားဆေးမွှေးများဖြင့် ဝယ်ယူစားသုံးပါက ကွမ်းယာရရှိမှု အရေအတွက် လျော့နည်းကြောင်း ကွမ်းယာဝယ်ယူစားသုံသူ ဒေသခံများထံမှ သိရသည်။

မောင်မောင်(မင်းဘူး)