ဂန့်ဂေါ ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ကာ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားဝါသနာရှင်များ ပူးပေါင်းကျင်းပသည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလွတ်တန်းအမျိုးသား ဘောလုံးပြိုင်ပွဲအဖြစ် အုပ်စုအဖွင့်ပွဲစဉ်ကို ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က ခရိုင်ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ ဂန့်ဂေါခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ကျော်ဆွေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲကို အုပ်စု (၂) အုပ်စုခွဲ၍ အုပ်စုပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု (က) တွင် အမှတ် (၃) ကအသင်း၊ အမှတ် (၃) ခအသင်း၊ ခ.လ.ရ (၅၀) အသင်းနှင့် အမှတ် (၄) အသင်းတို့ပါဝင်ပြီး အုပ်စု (ခ) တွင် ပြည့်ဝအသင်း၊ အမှတ်(၂)အသင်း၊ စောထူးဝါး FC အသင်း၊ ရဲတပ်ဖွဲ့အသင်းနှင့် အမှတ် (၁) အသင်းတို့ပါဝင်ကာ အုပ်စုအဖွင့်ပွဲစဉ်အနေဖြင့် ခ.လ.ရ (၅၀) အသင်းနှင့် အမှတ် (၃) က အသင်းတို့ စတင်ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိ သရေကျခဲ့သည်။
အလွတ်တန်းအမျိုးသား ဘောလုံးပြိုင်ပွဲများကို ဇန်နဝါရီလ (၂၂) ရက်နေ့မှ ဖေဖော်ဝါရီလ (၁၂) ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး တတိယလုပွဲစဉ်ကို ဖေဖော်ဝါရီလ (၁၁) ရက်နေ့နှင့် ဗိုလ်လုပွဲစဉ်ကို ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ ပထမဆုအနေဖြင့် (၅၀၀၀၀၀) ကျပ်၊ ဒုတိဆု (၃၀၀၀၀၀) ကျပ်၊ တတိယဆု (၁၀၀၀၀၀) ကျပ်နှင့် နေရာလိုက် အကောင်းဆုံး ကစားသမားဆုများကိုလည်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲများအဖြစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် အလွတ်တန်းပိုက်ကျော်ခြင်း စိန်ခေါ်ပွဲနှင့် အလွတ်တန်းဘော်လီဘော စိန်ခေါ်ပွဲများကို နံနက် (၈) နာရီမှ စတင်၍ အတွဲဆိုင်းအလိုက် ယှဉ်ပြိုင်ကစားကြမည်ကြောင်း သိရသည်။
မောင်မျိုးမင်း(ပြန်ဆက်)