အထက်မင်းလှ ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို ယမန်နေ့နံနက် (၉)နာရီခွဲက မင်းလှမြို့ မြန်မာ့စီပွားရေးဘဏ်နှင့် မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဆေးကုသပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးနှင့် ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားဝန်ထမ်များအား စာရင်းပေးသွင်းပြီး သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ နှလုံးစစ်ဆေးပေးခြင်းနှင့် လိုအပ်သည့် ဆေးဝါးများအား အခမဲ့ဆောင်ရွက်ပေးခဲ့သည်။
မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသပေးရာ၌ မြန်မာ့စီပွားရေးဘဏ်တွင် ပင်စင်ထုတ်ရန်လာရောက်သူများမှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများနှင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးလာရောက်စစ်ဆေးသူ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (၉၇)ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)