လှိုင်းဘွဲ ဇန်နဝါရီ ၂၂
ကရင်ပြည်နယ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သော တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ပညာပန်းဝတ်မှုန်ခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက တက်ရောက်၍ ဒေသခံတိုင်းရင်းသားများအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ/နည်းဥပဒေများကို သေချာစွာသိရှိနားလည်စေရန်အတွက် ဟောပြောပွဲနှင့် စစ်တမ်းကောက်ယူခြင်းကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသည့် တိုင်းရင်းသားဧည့်သည်တော်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများကို ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူး ဦးကျော်စိုးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ/နည်းဥပဒေများအကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက တိုင်းရင်းသားဘာသာသင် ဆရာ၊ ဆရာမ(TA/LT) ခန့်ထားမှုနှင့် ဦးစီးဌာန၏ လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားပေးခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိနန္ဒာမွန်က အားကစားနှင့်လူငယ်အကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုင်းရန်နောင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအကြောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝေယံထက်က အမုန်းစကား၊ အကြမ်းဖက်မှုကိုဖြစ်စေသော လှုံ့ဆော်မှုများကို တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်စိုးသူက ပလတ်စတစ်အန္တရာယ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များအကြောင်းကို အသိပညာပေး ဟောပြောခဲ့ကြသည်။
တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို တက်ရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူလေးများအား အထွေထွေဗဟုသုတ ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခဲ့ပြီး ဖြေဆိုနိုင်သူများအား အမှတ်တရဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် တိုင်းရင်းသားဒေသများ၏ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်မှု ဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာများကို တက်ရောက်လာကြသော ဧည့်သည်များနှင့် ကျောင်းသား၊ ကျောင်းသူလေးများက ဖြေဆိုခဲ့ကြကြောင်း သိရသည်။
စောဒိ( ပြန်/ဆက်)