တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၅)သို့တက်ရောက်

ထားဝယ် ဇန်နဝါရီ  ၂၂

တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင်  တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက  တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် ဒေသတွင်းက ခရီးစဉ်နေရာအသီးသီးတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍစနစ်တကျ ဖွံ့ဖြိုးတိုးတက်နိုင်စေရန်အတွက် ရည်ရွယ်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ပြုလုပ်နိုင်ခဲ့သည်မှာ (၁၇)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ ဟိုတယ်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်တည်ဆောက်ခွင့်ပြု(၁၅)ခု၊ ဟိုတယ်လုပ်ငန်းလိုင်စင်အသစ်(၁၄)ခု၊ အဆင့်မြင့်တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင်အသစ်(၃)ခု၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်အသစ် (၂၇)ခု၊ဧည့်လမ်းညွှန်လုပ်ငန်း လိုင်စင်အသစ်(၃)ခု၊ ဒေသဆိုင်ရာဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင်(၅၅)ခု၊ ဟိုတယ်လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်း(၄၀)ခု၊ အဆင့်မြင့်တည်းခိုရိပ်သာလုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းအတွက် ခွင့်ပြု (၉)ခု၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်း(၃၃)ခု၊ ဒေသဆိုင်ရာ ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်း(၈၃)ခုတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အဓိကအနေဖြင့် တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်အတွက် ဒေသအတွင်းမှာရှိသော ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်နေသူများ၊ ဟိုတယ်လုပ်ငန်းနှင့် ဆက်စပ်နေသူများ၊ စားသောက်ဆိုင် အပါအဝင် ပေါင်းစပ်ညှိနှိုင်းပြီးအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်လို အပ်ကြောင်း၊ ပြည်တွင်းသာမက ပြည်ပမှဝင်ရောက်လာသော ခရီးသွားဧည့်သည်များကို ပြည့်စုံကောင်းမွန်သည့်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ တက်ရောက်လာသော ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေး ကြရန်လိုအပ်ပြီးဆွေးနွေးချက်များအပေါ် မူတည်၍ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်း ပူးပေါင်းပြီးအကောင် အထည်ဖော်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက်လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ဆွေးနွေးပြောကြားပြီး ကော်မတီအတွင်းရေးမှူးက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်ကော်မတီမှ ဆုံးဖြတ်ပေးရမည့် ဝန်ဆောင်မှုကဏ္ဍအလိုက် လုပ်ငန်း လိုင်စင်လျှောက်ထားခြင်းဆိုင်ရာအမှာစာများအား ရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် အကြံပြုဆွေးနွေးတင်ပြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များ အပေါ်တွင်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)