ဟင်္သာတ ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ယနေ့မွန်းလွဲ(၃)နာရီက ရွှေလမင်းအထူးကုဆေးရုံကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင် ဟင်္သာတမြို့နယ် မီးသတ်ဦးစီးမှူး ဦးဥက္ကာက မီးလောင်ခြင်း အကြောင်းအရင်းများနှင့် အရေးပေါ်မီးလောင်မှုဖြစ်ပွားလာပါက မီးငြှိမ်းသတ်ရေး ပစ္စည်းများအား စနစ်တကျ ကိုင်တွယ်ငြိမ်းသတ်နိုင်ရေး နည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရွှေလမင်းအထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဦးတင်ထွန်းအောင်က မိမိတို့ဆေးရုံကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တပ်ဆင်ထားသော မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ၊ မီးသတ်ဆေးဘူးများ အသင့်တပ်ဆင်ထားရှိမှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများမှ ဆီမီးလောင်စာငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးအသုံးပြု၍ အရေးပေါ်မီးငြှိမ်းသတ်နည်းများကို ဆေးရုံဝန်ထမ်းများနှင့်အတူ လက်တွေ့သရုပ်ပြ လေ့ကျင့်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)