ဖျာပုံ ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်မီးသတ်ဦးစီးဌာနရုံးမှ ခေတ္တခရိုင်မီးသတ်ဦးစီးမှူးနှင့် (၄)မြို့နယ်မှ မြို့နယ်မီးသတ်ဦးစီးများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ခရိုင်ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ)သင်တန်းသားများမှ စုဖွဲ့လေ့ကျင့်မှု မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး စွမ်းရည်သရုပ်ပြသခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က ဖျာပုံခရိုင်မီးသတ်ဦးစီးဌာနရုံးရှေ့၌ ပြုလုပ်သည်။
အဆိုပါ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး စွမ်းရည်သရုပ်ပြလေ့ကျင့်ရာသို့ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်မီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်လင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ဖျာပုံခရိုင်မီးသတ်ဦးစီးဌာနရုံးမှ ခရိုင်ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ) သင်တန်းသားများမှ စုဖွဲ့လေ့ကျင့်မှု အသက်ကယ်စွမ်းရည်သရုပ်ပြသခြင်း၊ အထက်မြင့်အဆောက်အဦအတွင်း မီးလောင်မှုအား မီးငြှိမ်းသတ်ခြင်းနှင့် မီးခိုးအလုံပိတ်ခန်းအတွင်း ပိတ်မိနေသော လူနာများအား ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ကယ်ဆယ်ဆောင်ရွက်ခြင်း စသောမီးဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာများအား လက်တွေ့သရုပ်ပြလေ့ကျင့်ကြသည်။ ထိုသို့ ခရိုင်ရှာဖွေ ကယ်ဆယ်ရေး(မွမ်းမံ)သင်တန်းသားများအား ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်မီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ချီးမြှင့်ငွေများပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား ခရိုင်မီးသတ်ဦးစီးမှူးက လက်ခံရယူသည်။ ထို့နောက် မီးဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ခင်းကျင်းပြသထားရှိမှု အခြေအနေများအား ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်မီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေးကော်မတီဥက္ကဋ္ဌနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်မီးဘေးလုံခြုံရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖျာပုံခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖျာပုံခရိုင်မီးသတ်ဦးစီးဌာနရုံးမှ ခေတ္တခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်မင်းဦးနှင့် (ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး)မြို့နယ်များမှ မြို့နယ်မီးသတ်ဦးစီးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူစုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)