ဒေးဒရဲမြို့နယ်၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ

ဒေးဒရဲ ဇန်နဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေး ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက လေးကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အခြေခံပညာဦးစီးဌာန၊ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးကျော်ထူးက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတိုးပွားစေရေး အတွက် အခြေခံပညာကျောင်းများအရောက် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာပေဗဟုသုတများစွာ သိုလှောင်ထားသည့် ပညာဘဏ်တိုက် စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အားလပ်ချိန်များတွင် စာပေလေ့လာဖတ်ရှု၍ အချိန်ကိုအကျိုးစွာ အသုံးချနိုင်စေရေး၊ စာအုပ်စာပေလေ့လာခြင်းအားဖြင့် အသိဥာဏ်ပညာဖွံ့ဖြိုးလာပြီး မိမိနိုင်ငံနှင့် မိမိလူမျိုးကို အကျိုးပြုနိုင်မည့် လူငယ်များ ဖြစ်ပေါ်လာစေရေးအတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်နိုင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ် စာစောင်များနှင့် စာအုပ်စာစောင်များ ပြသခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဟောပြောပွဲအပြီးတွင် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ် စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အေဇာလင်း