ချောက် ဇန်နဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြရိပ်ညိုခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက “ ဝေဖန်ပိုင်းခြားစဥ်းစားတွေးခေါ်မှုမှသည် မှန်ကန်သည့် ဆုံးဖြတ်ချက်များချနိုင်ရေး" ခေါင်းစဥ်ဖြင့် ပညာ၏အရေးပါအရာရောက်မှု၊ ပြောင်းလဲနေသော ခေတ်နှင့်အညီ လိုက်ပါနိုင်ရေး၊ အနာဂတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်ကျော်လွှားနိုင်ရေးတို့အတွက် အသိပညာနှင့်အတတ်ပညာများ ပြည့်စုံအောင် ကြိုးစားဖြည့်ဆည်းရေး၊ အမြဲတမ်းလေ့လာသင်ယူနေရေးနှင့် မိမိ၏အရည်အချင်းများကို မြင်အောင်ကြည့်ပြီး ဖော်ထုတ်နိုင်ရေးဆောင်ရွက်ကြရန် ဟောပြောဆွေးနွေးခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာ ဝန်ခံဒေါ်မြတ်မြတ်မိုးက “စားအုံးဆီ၏ဆိုးကျိုးများ” “Onlineလိမ်လည်မှုများအကြောင်း” “ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြရေး” အကြောင်းများကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းက “သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများ” အကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ ကျောင်းသူများအား စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိလာနိုင်စေရေး၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများကြွယ်ဝလာစေရေး ရည်ရွယ်၍ အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိပြီး အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဆရာ/ဆရာမ၊ ကျောင်းသား/သူစုစုပေါင်း(၂၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)