ကျွန်းစုမြို့၌ ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသော အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို Catch-up Immunization နည်းလမ်းဖြင့် အမီလိုက်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများဆောင်ရွက်

ကျွန်းစု ဇန်နဝါရီ ၂၂

တနင်္သာရီတိုင်း‌ဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသော အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို  Catch-up Immunization နည်းလမ်းဖြင့် အမီလိုက် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးရှိ မူလတန်းကြိုကျောင်း၌  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေးဝန်ထမ်း များက အသက်အရွယ်အလိုက် လိုအပ်သော ကာကွယ်ဆေးများဖြစ်သည့် ပိုလီယိုအစက်ချကာကွယ်ဆေး (bOPV)၊ ပိုလီယို ကာကွယ်ဆေးထိုးဆေး (IPV)၊ ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေး(MR)၊  ငါးမျိုးစပ် ကာကွယ်ဆေး(Penta)၊ ဂျပန်ဦးနှောက်ရောင်ရောဂါ(JE)တို့ကို အဆိုပါ မူလတန်းကြိုကျောင်းရှိ အသက် (၁)နှစ်မှ (၅)နှစ်အရွယ်ကလေးများအနက်မှ ကာကွယ်ဆေးလုံးဝမရရှိသေးသော ကလေးများနှင့် ကာကွယ်ဆေး အကြိမ်ပြည့်မရရှိသေးသည့် ကလေးငယ် (၂၀)ဦးအား ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

အလားတူ မြို့ပေါ်အမှတ်(၂)ရပ်ကွက်၌ ကာကွယ်ဆေး အကြိမ်ပြည့် မရရှိသေးသော အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို Catch-up Immunization နည်းလမ်းဖြင့် အမီလိုက် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)