စလင်းမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်းရေးများ စဥ်ဆက်မပြတ် ဆောင်ရွက်

စလင်း ဇန်နဝါရီ  ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း  မြို့အင်္ဂါရပ်နှင့်အညီ  စိမ်းလန်းစိုပြည်၍ သန့်ရှင်းသပ်ရပ်လှပစေရေးနှင့် သန့်ရှင်းသော မြို့ဖြစ်စေရန်ရည်ရွယ်၍  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ  ရပ်ကွက်များအတွင်းရှိ  လမ်းဘေးဝဲယာများတစ်လျှောက်  လိုက်လံ၍ နေ့စဥ် သန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

ထိုသို့ နေ့စဥ် စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ စလင်းဆင်ဖြူကျွန်းမြို့ပေါ်ရပ်ကွက်များအတွင်းနှင့် လမ်းမဘေးဝဲယာများ၊ မြို့တွင်းလမ်းမ ဘေးဝဲယာများ၊ စလင်းဆင်းဖြူကျွန်းရပ်ကွက်များအတွင်းရှိ  လမ်းဘေးဝဲယာများမှ ပလတ်စတစ်အမှိုက်များ ကောက်ယူခြင်း၊ မြက်နှင့် ချုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်း၊ မြို့နယ်စည်ပင်သာယာပန်းခြံ အတွင်း၊ အပြင်ရှိ အမှိုက်သရိုက်များကို ပြည်သူများ အပန်းဖြေရာ၌ စိတ်ကြည်နူးမှုရှိစေရန် ရှင်းလင်းဆောင်ရွက်ခြင်းများ၊ စည်ပင်သာယာစျေးအတွင်းရှိ အများသုံးရေလောင်းအိမ်သာများ အနံ့အသက်ကောင်းမွန်၍ ကျန်းမာရေးနှင့်ညီညွတ်စေရန် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများမှ အပတ်စဥ်  အထူးသန့်ရှင်းရေးနေ့အဖြစ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆောင်ရွက်ပြီးစီးသည့်  အမှိုက်သရိုက်များနှင့်  နေ့စဥ်ရပ်ကွက်များမှ  ပြည်သူများ၏ နေ့စဥ်စားဖိုဆောင်သုံး အမှိုက်များကို  မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်လှပစေရန် ဆောင်ရွက်လျက်ရှိကြောင်း  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ  သိရသည်။ 

(မောင်လွင်)စလင်း