မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး)ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြိတ် ဇန်နဝါရီ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်တက္ကသိုလ်တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် ပြေးခုန်ပစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ် ပြိုင်ပွဲများကို တက္ကသိုလ်အားကစားကွင်းတွင် ကျင်းပလျက်ရှိရာ ယမန်နေ့ ညနေပိုင်းက ဆုချီးမြှင့်ပွဲ ကျင်းပခဲ့သည်။

ပြေးခုန်ပစ် ပြိုင်ပွဲများတွင် မီတာ(၁၅၀၀)၊ မီတာ(၈၀၀)၊ မီတာ(၄၀၀)၊ မီတာ(၂၀၀)၊ မီတာ (၁၀၀)၊ မီတာ (၄၀၀)လက်ဆင့်ကမ်း၊ မီတာ (၁၀၀) လက်ဆင့်ကမ်း အပြေးပြိုင်ပွဲ၊ သံလုံးပစ်၊  သံပြားပစ်၊ လှံတံပစ်၊ အလျား ခုန်ပြိုင်ပွဲများကို ဘာသာရပ်ဌာနအသီးသီးမှ ကျောင်းသား/သူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများကို ဇန်နဝါရီ (၂၀)ရက်မှ(၂၁)ရက်ထိ ကျင်းပခဲ့သည်။

ပြိုင်ပွဲများအပြီး၌ ဆုချီးမြှင့်ပွဲကျင်းပခဲ့ရာ မြိတ်တက္ကသိုလ်အားကစားနှင့် ကာယပညာကော်မတီ နာယက၊ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ နေသွယ်ကြည်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး ပြိုင်ပွဲတလျောက် တာဝန်ယူဆောင်ရွက်ပေးသော ဒိုင်အဖွဲ့အားအမှတ်တရ လက်ဆောင်၊ ပြိုင်ပွဲအသီးသီးတွင် တတိယ၊ ဒုတိယနှင့် ပထမရရှိခဲ့သော အားကစားသမားများ အား လည်ဆွဲဆုများကို ဒုတိယပါမောက္ခချုပ် ဒေါက်တာမိုးမိုးလွင်နှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် အဆိုပါပြိုင်ပွဲများတွင် အမှတ်အများဆုံးဖြင့် ပထမဆုရရှိခဲ့သော ရူပဗေဒဌာန အသင်းအား မြိတ်တက္ကသိုလ် ပါမောက္ခချုပ်က တံခွန်စိုက်ဒိုင်းဆုကို ပေးအပ်ချီးမြှင့်သည်။ ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲကို ဘာသာရပ် ဌာနအသီးသီးမှ ကျောင်းသား/သူ(၉၀)ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)