စစ်ကိုင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ဆံပင်ဆံအုပ်(ဘိုးကလစ်) ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

စစ်ကိုင်း ဇန်နဝါရီ  ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့တို့ပူးပေါင်း၍ ဆံပင်ဆံအုပ်(ဘိုးကလစ်) ပြုလုပ်နည်းသင်တန်းကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

သင်တန်းတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးယဉ်မင်းအောင်က အမျိုးသမီးငယ်များအား အလုပ်အကိုင်၊ အခွင့်အလမ်းများ ရရှိ စေရေး၊ မိသားစု တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ဖြစ်ပေါ်လာစေရေးနှင့် မိသားစုဝင်ငွေတိုးရေးအတွက် ဆံပင်ဆံအုပ်(ဘိုးကလစ်) ပြုလုပ်နည်းသင်တန်းကဲ့သို့သော လူမှုစီးပွားအထောက်အကူပြုသင်တန်း များကို ဖွင့်လှစ်ပေးလျက်ရှိကြောင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး သင်တန်းနည်းပြ ဒေါ်မြင့်မြင့်သိန်းက သင်တန်းတွင် အခြေခံအဆင့် ဆံပင်ဆံအုပ် (ဘိုးကလစ်) ပြုလုပ်နည်းများ သင်ကြားပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါဆံပင်ဆံအုပ် (ဘိုးကလစ်) ပြုလုပ်နည်းသင်တန်းတွင် သင်တန်းနည်းပြ ဒေါ်မြင့်မြင့်သိန်းက ဆံပင်ဆံအုပ်(ဘိုးကလစ်)ပုံစံအမျိုးမျိုး ပြုလုပ်နည်းများကို လက်တွေ့သင်ကြားပေးခဲ့ပြီး လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် သင်တန်းတန်းသူ(၁၆)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်(ပြန်/ဆက်)