မယ်စဲ့ ဇန်နဝါရီ ၁၀
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေ သိန်း ၁၀၀၀ ဖြင့် မြောက်ပိုင်းရပ်ကွက်နှင့် တောင်ပိုင်းရပ်ကွက်တွင် ဆောင်ရွက်မည့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများထံ အသိပေးရှင်းလင်းခြင်းကို ယမန်နေ့ ည ၇ နာရီက မြို့နယ်ခန်းမ၌ ကျင်းပသည်။
ရှင်းလင်းပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလင်းလင်းနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းပန်ဖတို့က ပြည်ထောင်စုလွှတ်တော် ဖွံဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ရန် ရွေးချယ်ထားသည့် လုပ်ငန်းများကို မိမိတို့ရပ်ကွက်အတွက် အမှန်တကယ်လိုအပ်မှုရှိ/မရှိ တင်ပြ ဆွေးနွေးစေလိုကြောင်း ကျန်ရှိခဲ့သည့် လုပ်ငန်းများရှိပါကလည်း ထပ်မံတင်ပြနိုင်ကြောင်း ဒီမိုကရေစီ အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်ရာတွင် ပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများရှိစေလိုကြောင်း ပြောကြားကြပြီး တောင်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်တို့တွင် သိန်း ၅၀ အောက် ဆောင်ရွက်မည့် လုပ်ငန်းများကို ချပြရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက သိလိုသည်များကိုမေးမြန်းရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် မြောက်ပိုင်းရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးရုံး ခြံစည်းရိုးကာရံခြင်း လုပ်ငန်း၊ တောင်ပိုင်းရပ်ကွက်တွင် အထက(မယ်စဲ့) ကျောင်းဝန်းအတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း၊ တောင်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ခြံစည်းရိုးကာရံခြင်း လုပ်ငန်းနှင့် တစ်ခန်းတွဲ အိမ်သာတစ်လုံး တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလင်းလင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းပန်ဖ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အေးခန့်၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြောက်ပိုင်းရပ်ကွက်နှင့် တောင်ပိုင်းရပ်ကွက်တို့မှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)