ပေါင်းတည်၌ ဖူးစားပြောင်းပေါ်ချိန်စျေးကောင်းရရန် တောင်သူများမျှော်လင့်

ပေါင်းတည် ဇန်နဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဖူးစားပြောင်းကို မိုးရေ၊ ချောင်းရေ၊ မြေအောက်ရေများဖြင့် သုံးသီးစား သီးထပ်စိုက်ပျိုးကာ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ယခု ဆောင်းသီးနှံအတွက် ထိုင်ဝမ်ဖူးစားပြောင်းမျိုး ၁၈၃၇ ဧကစိုက်ပျိုးခဲ့ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှသိရပြီး ယခုအခါထိုစိုက်ပျိုးခင်းများမှ ပြောင်းဖူးများကို စတင်ခူးဆွတ်နေကြပြီဖြစ်ကြောင်း သိရသည်။

မြို့နယ်အတွင်း၌ ဖူးစားပြောင်းများကို ဥယျာဉ်ခြံမြေများနှင့်ယာမြေများတွင် စိုက်ပျိုးကြပြီးအများအားဖြင့် နိုဝင်ဘာလမှ စတင်စိုက်ပျိုးလေ့ရှိကာ ဇန်နဝါရီလတွင် စတင်ခူးဆွတ်ကြကြောင်း၊ ဒေသကုန်စိမ်းဒိုင်များနှင့် မြို့နယ်တွင်းပြောင်းဖူးစျေးကွက်မှ ဝယ်လိုအားကောင်းမွန်မှုကြောင့် တွက်ခြေကိုက်သည့်သီးနှံဖြစ်လာကာ စီးပွားဖြစ်စိုက်ပျိုးသူများပြားလာကြပြီး စိုက်ပျိုးသူများသာမက ပြန်လည်ရောင်းချသူများပါ အကျိုးဖြစ်ထွန်းကြကြောင်း သိရသည်။

ယခုနှစ် ဆောင်းသီးနှံ ပြောင်းစိုက်တောင်သူများအနေဖြင့် ပြောင်းစိုက်ခင်းတစ်ဧကအတွက် စုစုပေါင်းငွေကျပ်လေးသိန်းခွဲခန့် ကုန်ကျခဲ့ကြကြောင်း၊ ယခုပြောင်းပေါ်ချိန်ရာသီတွင် ပေါ်ဦးပေါ်စ စျေးကောင်းပေးဝယ်ယူကြမည့် အနယ်နယ်အရပ်ရပ်မှပွဲစားများနှင့် ဒေသတွင်းပြောင်းဖူးရောင်းသူ စျေးသည်များအား စိုက်ခင်းရှင်တောင်သူများက မျှော်လင့်လျက်ရှိကြကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)