အထက်မင်းလှ ဇန်နဝါရီ ၂၂
ပွင့်လင်းရာသီကာလ ရောက်ရှိလာပြီဖြစ်၍ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် နှင့် မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များတွင် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ မီးဘေးလုံခြုံရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးရာတွင် မင်းလှမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးလင်း၏ ဦးဆောင်မှုဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့နယ်အတွင်း ဌာနဆိုင်ရာ ရုံး အဆောက်အဦများ၊ ရပ်ကွက်/ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနိက အဆောက်အဦများ၊ စာသင်ကျောင်း၊ စျေး၊ စက်ရုံ၊ အလုပ်ရုံများနှင့် ရပ်ကွက်များသို့ တစ်အိမ်တက်ဆင်းသွားရောက်ကာ ပွင့်လင်းရာသီချိန် ရောက်ရှိလာပြီဖြစ်၍ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အလေးထားဆောင်ရွက်ကြရန်၊ လျှပ်စစ်မီးများ အသုံးပြုရာတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် စနစ်တကျကိုင်တွယ်သုံးစွဲကြရန်၊ ထင်း/မီးသွေးမီးဖိုများဖြင့် ထမင်း၊ ဟင်းများ ချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များကို သေချာစွာ ငြှိမ်းသတ်ထားရှိရန် စသည့် မီးဘေးလုံခြုံရေးဆိုင်ရာ လိုက်နာရမည့်အချက်များကို ဒေသခံပြည်သူများအား အသိပညာပေး ဆွေးနွေးပြောကြားပြီး လူနေအိမ်များတွင် မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ စနစ်တကျ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)