အုတ်ဖို ဇန်နဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှကြီးမှူး၍ တိုင်းဒေသကြီးအလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် ဟင်္သာရွှေမြေသစ်သီးဝလံစိုက်ပျိုးရေးနှင့်တောင်သူလယ်သမားများ တိုင်းဒေသကြီး အလုပ်သမားအဖွဲ့အစည်းတို့ပူးပေါင်းပြီး ယမန်နေ့က အုတ်ဖိုမြို့နယ် မကျီးပင်ကျေးရွာ၌ မော်တော်ဆိုင်ကယ်အခြေခံပြုပြင်ထိန်းသိမ်းနည်းသင်တန်း (၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်၊ တိုင်းဒေသကြီးအလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ပဲခူး)ကျောင်းအုပ်ကြီးဦးအောင်နိုင်စိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းအား ဇန်နဝါရီလ(၂၀)ရက်နေ့မှ ဖေဖော်ဝါရီလ(၁၀)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ(၂၀)ဦးတက်ရောက်ကာ ကျွမ်းကျင်နည်းပြသင်တန်းဆရာများက မော်တော်ဆိုင်ကယ်ဝါယာရိန်းစနစ်၊ နှစ်ချက်ခုတ်အင်ဂျင်အလုပ်လုပ်ပုံအကြောင်း၊ လေးချက်ခုတ်အင်ဂျင်အလုပ်လုပ်ပုံအကြောင်း၊ မော်တော်ဆိုင်ကယ် Suspension System အကြောင်းတို့ကို စာတွေ့၊ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ (အုတ်ဖို)