ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး အကူသူနာပြု (ပြင်ပ)(၉)လ သင်တန်းဖွင့်

ဘားအံ ဇန်နဝါရီ ၂၂

ကရင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမြှင့်တင်နိုင်ရေး၊ လူငယ်များအလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးနှင့်ကျန်းမာ ရေး လူ့စွမ်းအားအရင်းအမြစ်များရရှိစေရေးအတွက်   ယမန်နေ့ နံနက် ၈ နာရီက ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ) သုံးထပ်တိုးချဲ့လူနာ ဆောင်အပေါ်ထပ်တွင် အကူသူနာပြု(ပြင်ပ) (၉)လ သင်တန်းကို ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းသို့ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ သင်တန်းသူ ၂၀ ဦးတက်ရောက်ကြပြီး သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အကူသူနာပြုများသည် ကုသရေးလုပ်ငန်းတွင် စ-လယ်-ဆုံး ပါဝင်သည့်အသုံးချပညာရပ်များဖြစ်သည့်အားလျော်စွာ သင်တန်းတွင်သင်ကြားရမည့် သူနာပြုအတတ်ပညာရပ်များ၊ သင်ခန်းစာများသည် လွယ်ကူမည် မဟုတ်ဘဲ ဇွဲလုံ့လရှိစွာဖြင့် လေ့လာသင်ကြားမှသာ တက်မြောက်အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းကိုကောင်းမွန်စွာ တတ်မြောက်အောင်မြင်နိုင်ကြပြီး သူနာပြုကျင့်ဝတ်ကို လေးစားလိုက်နာ သော အများပြည်သူကိုကောင်းစွာအလုပ်အကျွေးပြုနိုင်သည့် အကူသူနာပြုကောင်းများဖြစ်အောင် ကြိုးစားကြစေလို ကြောင်းပြောကြားပြီး အကူသူနာပြုသင်တန်းသူများအတွက် ငွေကျပ်(၆)သိန်းကို ချီးမြှင့်ပေးအပ်ရာ သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်တာဝန်ရှိသူများသည် သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)