တာလေ ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အ.ထ.က(တာလေ)ကျောင်း၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးလင်းဝင်းထိုက်မှ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ မီးလောင်မှုဖြစ်ပေါ်ရခြင်း၏ အဓိကအကြောင်းအရင်းများ၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့် မီးဘေးနှင့်ပတ်သက်၍ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ချိတ်ဆွဲထားရှိမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများမှ သိလိုသည်များကို မေးမြန်းခြင်းနှင့် အပြန်အလှန်ဆွေးနွေးဖြေကြားပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဆက်လတ်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ကား၊ ရေပိုက်၊ မီးသတ်ဆေးဘူး အသုံးပြုပုံအဆင့်ဆင့်တို့ကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့မီးငြှိမ်းသတ်စေခြင်း၊ လေ့ကျင့်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
မိုးလရောင်(ပြန်/ဆက်)