ပွင့်ဖြူ ဇန်နဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာသီးနှံ ၁၆၀၅၉ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထာဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ နေကြာစိုက်ဧက ၁၂၈၀၅ ဧက စိုက်ပျိုးရန်လျာထားပြီး ဒေသခံတောင်သူများက သတ်မှတ်စိုက်ဧက ပြည့်မီစေရန် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ပထမပတ်က စတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ နေကြာသီးနှံ ၁၆၀၅၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ နေကြာသီးနှံ ၁၂၈၀၅ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့ထိ ၁၆၀၅၉ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ နေကြာသီးနှံ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး စိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းများ တိုးတက်ရေးနဲ့ အရည်အသွေး ကောင်းမွန်စေရေးအတွက် ဒေသနဲ့ ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်အောင် ကူညီဆောင်ရွက်ပေးပါတယ်။ နေကြာသီးနှံရဲ့ တစ်ဧက ဆီထွက်ရှိမှုက အခြား ဆီထွက်သီးနှံတွေ ဖြစ်တဲ့ မြေပဲ၊ နှမ်း ထက် အထွက်နှုန်း ပိုများပါတယ်။ ဒီဒေသက စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက် နေကြာသီးနှံ စိုက်ပျိုးရေးက အောင်မြင်ဖြစ်ထွန်းမှုလဲ ရှိပါတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ယခုနှစ် ဆောင်းရာသီတွင် ပွင့်ဖြူမြို့နယ်အတွင်းရှိ နေကြာစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနက သီးနှံအထွက်နှုန်း တိုးတက်ရေး၊ အရည်အသွေးကောင်းသော သီးနှံများ ထွက်ရှိရေးအတွက် မျိုးကောင်းမျိုးသန့်များ ရရှိအောင် ကူညီဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်များ မှန်ကန်ရေးနှင့် သွင်းအားစုပစ္စည်းများ စနစ်တကျ သုံးစွဲတတ်စေရေး အသိပညာပေးခြင်း စသည့် စိုက်ပျိုးရေးဆိုင်ရာများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရပြီး ဒေသခံတောင်သူများက စားသုံးဆီ ဖူလုံပိုလျှံစေရေးအတွက် ကြိုးပမ်းစိုက်ပျိုးခဲ့ရာ သတ်မှတ်လျာထားစိုက်ဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် နေကြာသီးနှံ အပါအဝင် အခြား ဆီထွက်သီးနှံများကို အထွက်နှုန်း တိုးတက်အောင် စိုက်ပျိုးနိုင်ပါက နိုင်ငံအတွင်း ဆီစားသုံးမှု ဖူလုံစေပြီး ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် တောင်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက် လာနိုင်မည်ဖြစ်သောကြောင့် နှစ်စဉ်တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )