မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တွေ့ဆုံပွဲကျင်းပ

ထားဝယ် ဇန်နဝါရီ  ၂၂

မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ  ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးနှင့် သံရုံးမှတာဝန်ရှိသူများနှင့် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ထားဝယ်အထူးစီးပွားရေးဇုန်ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

တွေ့ဆုံပွဲတွင် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဒေသတွင်း ခရီးသွားလုပ်ငန်းကဏ္ဍအခြေအနေ၊တိုင်းဒေသကြီးအတွင်းရှိပြည်တွင်း၊ပြည်ပ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် အချက်များဖြစ်သည့် သာယာလှပသောပင်လယ်ကမ်းခြေနေရာများ၊ ကျွန်းများ၊ ပင်လယ်ရေအောက်သဘာဝအလှအပများ၊ ရိုးရာအသက်မွေးဝမ်းကြောင်းလုပ်ငန်းများ၊ ရိုးရာလူနေမှုဓလေ့စရိုက်များ၊ ရေမြေတောတောင်သဘာဝအလှအပများ တည်ရှိမှုအခြေအနေ၊ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်အတွင်းရှိထင်ရှားပြီး ခရီးသွားဆွဲဆောင်မှုနေရာများ ဖြစ်သော ပင်လယ်ကမ်းခြေနေရာများနှင့် ကျွန်းများ၏အခြေအနေ၊ ပြည်ပခရီးသွားဧည့်သည်များ ဝင်ရောက်မှု အခြေအနေ၊ မြိတ်ကျွန်းစုပင်လယ်ပြင်အတွင်းရှိ ကျွန်းများပေါ်တွင်ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံဆောင်ရွက်ထားကြသည့် ဟိုတယ်စီမံကိန်းလုပ်ငန်းများ၏အခြေအနေ အစရှိသည်တို့ကို ရင်းရင်းနှီးနှီးတွေ့ဆုံရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)