ပေါင်းတည် ဇန်နဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အဆင့် ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆန်းစစ်ဆွေးနွေးပွဲနှင့် အာဟာရကျွေးမွေးခြင်းဆိုင်ရာ ဆွေးနွေးပွဲကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်၊ ကျောင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာ ကျော်သူရထွန်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းဇော်ဝင်းနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျန်းမာရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ကျောင်းကျန်းမာရေးဦးစီးမှူးတို့က ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့ကြသည့် ကျောင်းကျန်းမာရေးလုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များကို ဆန်းစစ်ဆွေးနွေးတင်ပြကြကာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက ဖြည့်စွတ်ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ်တွင် အခြေခံပညာကျောင်း ၉၁ ကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူ ၁၂၉၄ ဦးအား အာဟာရအစားအစာကျွေးမွေးခြင်း ပြိုင်ပွဲအစီအစဉ်နှင့် ကျောင်းကျန်းမာရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်များကို ဆက်လက်ဆွေးနွေးကြရာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေသား (ပြန်/ဆက်)