ကျွန်းလှ ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းနှမ်း ဧက ၁၄၀၀၀ ကျော်အနက် ဧက ၆၀၀၀ ကျော် ရိတ်သိမ်းပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ဒီနှစ်ကျွန်းလှမြို့နယ်မှာ ဆောင်းရာသီနှမ်းစိုက်ပျိုးဖို့ ၁၄၀၃၃ ဧက လျာထားပြီး ၁၄၀၃၆ ဧကစိုက်ပျိုးနိုင်ခဲ့ပါတယ်။ နှမ်းစိုက်ပျိုးရာမှာ ဆင်းရတနာ(၁၄)နဲ့ ဆင်းရတနာ(၃)မျိုးများ စိုက်ပျိုးကြပြီး လက်ရှိအချိန်ထိ ၆၃၉၅ ဧက ရိတ်သိမ်းပြီးဖြစ်ရာ တစ်ဧက ၁၆ ဒသမ ၄၁ တင်းထွက်ရှိပါတယ်။ သီးထပ်၊ သီးညှပ် စိုက်ပျိုးကြဖို့ တောင်သူတွေနဲ့ ဆွေးနွေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပိုးမွှားကင်းစင်ပြီး အောင်မြင်ဖြစ်ထွန်းစေရန်၊ အထွက်နှုန်းကောင်းမွန်စေရန် စိုက်ပျိုးရေး နည်းပညာများ ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံစိုက်ပျိုးပြီးစီးမှုအဖြစ် မြေပဲ ၁၄၂၃၉ ဧက၊ နှမ်း ၁၄၀၃၆ ဧက၊ နေကြာ ၁၂၂၉ ဧက၊ ပန်းနှမ်း ၅၃၁၇ ဧက၊ မုံညှင်းစေ့ ၄၅၁ ဧက၊ စုစုပေါင်း ၃၅၂၇၂ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စာရင်းများအရ သိရသည်။
မျိုးဝင်းညို