ဒေးဒရဲ ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ အသက်(၁)နှစ်မှ(၅)နှစ်အရွယ်ရှိပြီး ကာကွယ်ဆေးတစ်ကြိမ်မျှ မရရှိသေးသည့် ကလေးများနှင့် အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးများ အကြိမ်ပြည့်မရရှိသေးသည့်ကလေးငယ်များအား ကာကွယ်ဆေးအကြိမ်ပြည့် ရရှိစေရေးအတွက် အသက်(၁)နှစ်မှ(၅)နှစ်အထိ ကလေးငယ်များအား Big catch up အမီလိုက် ကာကွယ်ဆေးများအား ယမန်နေ့ကစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနှင့် တိုက်နယ်အုပ်စုအလိုက် စတင်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည့်လုပ်ငန်းများကို မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပြီး ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများကို ဇန်နဝါရီ(၂၀)ရက်မှ(၂၆)ရက်နေ့အထိ မြို့နယ်အတွင်းရှိ နေရာအနှံ့အပြား၌ ဆေးထိုးရန်လိုအပ်သည့် ကလေး(၇၉၁)အား ထိုးနှံဆောင်ရွက်သွားမည်ဖြစ်ရာ ယခုထိုးနှံလျက်ရှိသည့် ကာကွယ်ဆေးသည် ပုံမှန်ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးရသေးသူများနှင့် အကြိမ်ပြည့်မထိုးနှံရသေးသော အသက်(၁)နှစ်မှ(၅)နှစ်အတွင်းရှိ ကလေးငယ်များအား ထိုးနှံပေးခြင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။
အေဇာလင်း