ဒေးဒရဲမြို့နယ် Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်နိုင်ရေး ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

ဒေးဒရဲ ဇန်နဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ စာပေ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ အခြေခံမူလတန်းအဆင့် မြန်မာစာစွမ်းရည်ပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ(၁)နာရီက  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ ကျောင်းသင်ခန်းစာအပြင် စာပေဗဟုသုတပြည့်စုံနိုင်စေရေးနှင့် နှုတ်မှုစွမ်းရည် တိုးတက်စေရေးတို့အတွက် ပြိုင်ပွဲများပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံပညာ မူလတန်းအဆင့် မြန်မာစာစွမ်းရည်ပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူလေးများ မြို့နယ်ရုံးကခင်းကျင်းပြသထားသော သုတရသစာအုပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

အေဇာလင်း