ငဖဲ ဇန်နဝါရီ ၂၂
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် Youth Club အဖွဲ့နှင့် Book Club အဖွဲ့ဝင်များပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက စာရေးဆရာ မြင်းခြံကျော်အောင် ရေးသားသော ကြီးပွားချမ်းသာနည်းများစွာ စာအုပ်ကို စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဉမ္မာကျော်က စာဖတ်ဝိုင်းများ လစဉ်ပုံမှန်ကျင်းပဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် မြို့နယ် Youth Club အဖွဲ့ဝင် မောင်အောင်မင်းသန့် က လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းတွေကို လက်ဝယ်ပိုင်ပိုင်ရယူနိုင်ရန်မှာ လူငယ်တစ်ဦးချင်းစီ၏ အခြေအနေပေါ်မူတည်ကြောင်း၊ မိမိကိုယ်မိမိပြုစုပျိုးထောင်ရမည်ဖြစ်ပြီး မိဘအုပ်ထိန်းသူများကလည်း မှန်ကန်သောလမ်းညွှန်မှုများ ပြုကြရမည်ဖြစ်ကြောင်း၊ အောင်မြင်သော လူငယ်များဖြစ်လာကြစေရန် လူ့ဘောင်လောကတွင်တွေ့ရမည့် ရှောင်ရန် ဆောင်ရန်အချက်များကို လိုက်နာကျင့်သုံးမှသာ အောင်မြင်မှုကိုရရှိမည်ဖြစ်ကြောင်းနှင့် မြို့နယ် Book Club အဖွဲ့ဝင် ဦးညီညီက အလုပ်ကို စွဲစွဲလမ်းလမ်းချစ်ပြီးလုပ်ပါ၊ စိတ်ကောင်းနှလုံးကောင်းရှိစေရန် လုပ်ဆောင်ရမည့်အချက်များ၊ ချမ်းသာသူ၊ ကြီးပွားအောင်မြင်သူနှင့် အများအကျိုးဆောင်ရွက်နိုင်သူများ ဖြစ်ကြစေရန်အတွက် ဘဝအတွက်ပြည့်စုံရမည့်အချက်(၁၀)ချက် အကြောင်းများကို ထုတ်နှုတ်ဖတ်ကြားဆွေးနွေး၍ ကျန်ရှိသည့် အဖွဲ့ဝင်များက စာပေဗဟုသုတအမြင်ခြင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာအုပ်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချရန်၊ ဇွဲလုံ့လရှိရန်၊ အလုပ်အပေါ်ပျော်ပိုက်ရန်၊ ရိုးသားရန်၊ ကိုယ်ကျင့်တရားကောင်းမွန်ရန်၊ ချစ်ခင်ကြင်နာရန်၊ တာဝန်ကိုယ်စီကျေပွန်ရန်၊ စီးပွားရေးအသိပညာပြည့်စုံရန်၊ လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေးတွင် သည်းခံသင့်သည်ကိုသည်းခံရန်နှင့် အသက်မွေးဝမ်းကြောင်းပညာရပ်တွင် ကျွမ်းကျင်မှုရှိမှသာ လောကတွင် အောင်မြင်ကြီးပွားချမ်းသာကြသူများ ဖြစ်လာမည်ဖြစ်ကြောင်း ရေးသားဖော်ပြထား၍ ဖတ်ရှုလေ့လာသင့်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)