နတ်မောက် ဇန်နဝါရီ ၂၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် တောင်ထောင့်ကျေးရွာအုပ်စုတွင် ဆိုလာစနစ်ဖြင့် တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ မိုးနှမ်းအပြီးဆောင်းနေကြာ၊ ခရမ်းချဉ်နှင့် ကြက်သွန်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နတ်မောက်မြို့နယ်တွင် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိအောင်ဆောင်ရွက်ပေးနိုင်မှုကြောင့် ဒေသခံတောင်သူများအနေဖြင့် ရာသီမရွေးစိုက်ပျိုးရေ လုံလောက်စွာရရှိစေမည်ဖြစ်ပြီး ယခင်က မိုးရာသီကာလအတွင်းသာ စိုက်ပျိုးနိုင်ခဲ့ရာမှ ယခုအခါ ဆောင်းသီးနှံ၊ နွေသီးနှံများဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပြောင်းဖူး၊ ခရမ်းချဉ်၊ ဘူးများစိုက်ပျိုးလာနိုင်သဖြင့် ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းမှ ဝင်ငွေများတိုးတက်ရရှိလာကာ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆိုလာစနစ်ဖြင့် စိုက်ပျိုးထားရှိသော ဆောင်းနေကြာ၊ ခရမ်းချဉ်နှင့် ကြက်သွန်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် စိုက်ကြပ်ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ တောင်သူများနှင့်တွေ့ဆုံကာ ရေကိုစနစ်တကျအသုံးပြု၍ သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
လှဝင်း