ပွင့်ဖြူ ဇန်နဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း(FFA)က မြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ထုတ်လုပ်သူရော စားသုံးသူပါ ဘေးကင်းလုံခြုံသော အရည်အသွေးမြင့်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရန် ရည်ရွယ်ပြုလုပ်သည့် စိုက်ပျိုးရေးဆိုင်ရာ တောင်သူပညာပေးဆွေးနွေးပွဲကို ဇန်နဝါရီ ၂၁ ရက်နေ့က ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း(FFA)ဥက္ကဋ္ဌ ဦးမြင့်အောင်က သီးနှံများစိုက်ပျိုးရာတွင် ထုတ်လုပ်သူရောစားသုံးသူပါ ဘေးကင်းလုံခြုံပြီး အရည်အသွေးကောင်းသော သီးနှံများစိုက်ပျိုးထွက်ရှိစေရန် ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ မြေဆီလွှာနှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းနိုင်မှုအခြေအနေများ၊ သဘာဝမြေဩဇာနှင့် သဘာဝဆေးများ ပြုလုပ်သုံးစွဲခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောသည်။
ဆက်လက်၍ မြို့နယ်တောင်သူအကျိုးဆောင်ကော်မတီဝင်များနှင့် စိမ်းလန်းစိုပြည်၊ ပြည့်လျှံနန်းထက်မြန်မာ စိုက်ပျိုးရေးကုမ္ပဏီများမှ တာဝန်ရှိသူများက သဘာဝစိုက်ပျိုးရေး သွင်းအားစုပစ္စည်းများ ထုတ်လုပ်နည်းပညာများနှင့် အသုံးပြုပုံနည်းစနစ်များ၊ မြေဆီလွှာပြုပြင်ထိန်းသိမ်းနည်းစနစ်များကို အသိပညာပေး ဆွေးနွေးဟောပြောသည်။ ထို့နောက် တက်ရောက်လာသည့် ကျေးရွာတောင်သူအကျိုးဆောင်ကော်မတီဝင်များနှင့် ဒေသခံပြည်သူများက စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် မျိုးကောင်းမျိုးသန့် ပြုလုပ်နည်းစနစ်များနှင့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးနည်းလမ်းများကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။
အဆိုပါ တောင်သူပညာပေးဆွေးနွေးပွဲသို့ မြို့နယ်တောင်သူအကျိုးဆောင်အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျေးရွာတောင်သူအကျိုးဆောင်ကော်မတီဝင်များနှင့် ဒေသခံတောင်သူများ၊ စုစုပေါင်း ၁၀၆ ဦး တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)