ပြည့်မဏ္ဍိုင်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသားအမှတ်ပေးဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ဘားအံ ဇန်နဝါရီ ၂၁

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် လူငယ်များမူးယစ်ဆေးဝါးကင်းစင်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး ကျန်းမာသန်စွမ်းသော လူ့စွမ်းအားအရင်းအမြစ်များပေါ်ထွန်းလာစေရေးအတွက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးမှ ကြီးမှူးကျင်းပပေးသော ပြည့်မဏ္ဍိုင်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသားအမှတ်ပေးဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်း၌ ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ ပြည်နယ်ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည်။

အဆိုပါဖူဆယ်ဘောလုံးပြိုင်ပွဲသို့ ဘားအံမြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှ လူငယ်ဖူဆယ်ဘောလုံးအသင်း(၁၂)သင်း အားကစားသမား(၁၈၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အုပ်စုပတ်လည်အမှတ်ပေးစနစ်ဖြင့် တစ်လကျော်ကြာ ယှဉ်ပြိုင်ကစားစေခဲ့ကာ ယနေ့ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပခြင်းဖြစ်သည်။

ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် အမှတ်အများဆုံးနှစ်သင်းဖြစ်သော Wise Lion အသင်းနှင့် Young Boy အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ ပြိုင်ပွဲကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဖူဆယ်အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် Young Boy အသင်းက  ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက အနိုင်ရဗိုလ်စွဲသွားသော Young Boy အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့်ဆုဖလားတို့ကိုလည်းကောင်း၊ ဒုတိယဆုရရှိသော သီရိရတနာအသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲကြီးကြပ်ရေးအဖွဲ့ဝင်များက ပူးတွဲတတိယဆုရအသင်းများ၊ နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုများ၊ ဂိုးသွင်းအများဆုံးဆုနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကာ ဆုချီးမြှင့်ပွဲအပြီးတွင် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက အားကစားဝတ်စုံများကို ကံစမ်းမဲဖွင့်ဖောက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)