ကန်ကြီးထောင့်မြို့နယ်၌ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများဆောင်ရွက်

ကန်ကြီးထောင့် ဇန်နဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကျောင်းမှအိမ်သို့ အစာအုပ်စု စုံစုံလင်လင်ဖြင့် အာဟာရပြည့်ဝစေမည့် နည်းလမ်းကောင်းများဖြန့်ဝေရန် ရည်ရွယ်၍ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက တကုန်းကြီးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တကုန်းကြီးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများက KG ကျောင်းသား၊ ကျောင်းသူ (၆၆)ဦးတို့အား လက်ကိုဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောသန့်စင်ပေးပြီး အသားဓါတ်၊ ကစီဓါတ်၊ အဆီဓါတ်၊ ဗီတာမင်ဓါတ်၊ သတ္တုဓါတ်နှင့်ရေဓါတ်စသည်တို့ပါဝင်သော အာဟာရဖြစ်စေမည့် စားသောက်ဖွယ်ရာများအား ကျွေးမွေးခဲ့ကြသည်။

အဆိုပါကျွေးမွေးရာနေရာသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်မာလွင်နှင့် အဖွဲ့များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများက သွားရောက်ကြည့်ရှု့ခဲ့ကြပြီး လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြသည်။ အလားတူ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၁၉၁)ကျောင်းတွင်လည်း KG ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၀၈၈)ဦးတို့အား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)