ဓနုဖြူ ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ကာ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက နှဲကြိုးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း နှဲကြိုးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာနှဲကြိုးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဝေမင်းထွန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက် ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးအောင် က ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး နှဲကြိုးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား မောင်ကောင်းဝေယံက လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသူ မအိမ့်ခြူးထက်က လူငယ်နှင့်ကြီးပွားချမ်းသာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသား မောင်ဘုန်းစစ်မှူးက လူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့် လည်းကောင်း၊ ကျောင်းသူ မဆုမို့မို့လှိုင်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကျောင်းသူ မရွှေဖူးမြတ်အိမ်က လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းပြနည်းစနစ်မှူး ဒေါ်ရီရီဝင်းက လမ်းလျှောက်ခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ အကြောင်းကို ဆွေးနွေးခဲ့သည်။
လူငယ်စကားဝိုင်းအပြီးတွင် တက်ရောက်လာသူများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ၊ လူကုန်ကူးမှုပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသ၊ စာအုပ်စာစောင်များကိုစိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)