လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

လိပ်သို ဇန်နဝါရီ ၂၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်၍ သိရှိရှောင်ရှားနိုင်ရန် ရည်ရွယ်၍ ယနေ့နံနက် ၁၁ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ် စာစောင်ပြသခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် မည်သူမဆို အချိန်မရွေး၊ နေရာမရွေး လူကုန်ကူးခံရနိုင်သလို မိမိကိုယ်တိုင်လူကုန်ကူးခံနေရမှန်း မသိသူတွေလည်းရှိနေတတ်ကြောင်း၊ လူကုန်ကူးသူများသည် သူစိမ်းများထက် ဆွေမျိုးသားချင်း၊ အသိမိတ်ဆွေ၊ ယုံကြည်အားကိုးရသူ အများစုဖြစ်နေကြသည်ကို တွေ့မြင်နေရကြောင်း၊ စသည့် အကြောင်းအရာများကို ပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားသော လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်အား ကျောင်းသား/ကျောင်းသူများနှင့် ဒေသနေပြည်သူများက လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ်