တောင်ငူ ဇန်နဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ နွေစပါးစိုက်ပျိုးခြင်း စွမ်းအားတိုးတက်မြင့်မားရေးအတွက် နွေစပါးစိုက်ပျိုးခြင်းကို ဆည်ရေ၊ လျှပ်စစ်ရေတင်စနစ်၊ ရေစုပ်စက်စနစ်နှင့် မြေအောက်ရေစနစ်တို့ဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုနှစ်နွေစပါးဧက ၂၀၀၃၀ စိုက်ပျိုးရန်လျာထားပြီး ဇန်နဝါရီလအတွင်း ဧက ၁၆၄၀၆ ကျော်စိုက်ပျိုးပြီးစီးကြောင်းနှင့် လျာထားစိုက်ဧကများ အားလုံးပြီးစီးအောင် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ စပါးအထွက်နှုန်းကောင်းမွန်သည့် ရက် (၉၀)၊ နှံကောက်၊ ဆင်းသုခ စပါးမျိုးများစိုက်ပျိုးရန်လျာထားပြီး စိုက်ပျိုးနည်းစနစ်အရ ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာ၊ ပျိုးထောင်စိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တောင်ငူမြို့နယ်တွင် နွေစပါးပန်းတိုင်ပြည့်မီကျော်လွန်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ ကြီးကြပ်၍ စိုက်ပျိုးနည်းစနစ်သင်တန်းဖွင့်လှစ်ခြင်း၊ တောင်သူလယ်သမားများအား တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြသခြင်းနှင့် သွင်းအားစုများ ထောက်ပံ့ပေးခြင်း၊ ပေါင်းလိုက်သမန်းနှိုး၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာရောစပ်ကြဲပက်ခြင်းများ၊ နွေစပါးစိုက်ဧကများ ရေလုံလောက်စွာရရှိရေး အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်ကိုကို