မြဝတီ ဇန်နဝါရီ ၂၁
ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းဝင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဖိတ်ကြားထားသော ဧည့်သည်တော်များက အခမ်းအနားကို ဘင်ခရာအဖွဲ့တို့ဖြင့် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကျောင်းသား၊ ကျောင်းသူလေးများက “စုံညီပွဲတော် တူနွှဲပျော်” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပေးပြီး မြဝတီမြို့နယ် ပညာရေးမှူး ဦးမိုးကျော်က စုံညီပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်နှင့် လူ့ဘောင်အဖွဲ့အစည်း အခြေခံအုတ်မြစ် ခိုင်မာတည်မြဲရေးအတွက် ပညာရေးကဏ္ဍ မြှင့်တင်ပေးရန်လိုအပ်ကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးပြီး နိုင်ငံတော်အဆင့်၊ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်တို့၌ ကာယ၊ ဉာဏပိုင်းတွင် ထူးချွန်သော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပညာရေးမှူး ဦးမိုးကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အငြိမ်းစား ကျောင်းအုပ်ကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဆုများချီးမြှင့်ပေးပြီး အခမ်းအနား ဒုတိယပိုင်းအနေဖြင့် စုံညီပွဲတော်ကို ဆက်လက်ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)