ပြည် ဇန်နဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူပေါင်း၍ ယနေ့ နံနက်ပိုင်းက ပြည်မြို့(ရွှေတံခါး) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေး "လူငယ်စကားဝိုင်း" ကျင်းပသည်။
လူငယ်စကားဝိုင်းသို့ အဆိုပါကျောင်းရှိ ဆရာ၊ ဆရာမများ၊ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများ ၂၀၀ ခန့် တက်ရောက်ကြပြီး ရှေးဦးစွာ ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက လူငယ်စကားဝိုင်းကျင်းပခြင်း ရည်ရွယ်ချက်အား ဆွေးနွေးပြောကြားသည်။
ထို့နောက် ခရိုင်ပြန်/ဆက်ဦးစီးအရာရှိ ဦးအောင်ကိုသန့်နှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအေးလွင်တို့က လူငယ်စကားဝိုင်း၌ ထိန်းညှိသူ Moderator အဖြစ်ဆောင်ရွက်ကြပြီး အဆိုပါကျောင်းမှ Grade-11 ကျောင်းသူ မငွေမာလာလွင်က "လူငယ်နှင့်စာပေ"၊ Grade-10 ကျောင်းသူ မဒေစီကျော်လင်းက "လူငယ်နှင့်အားကစား"၊ Grade-11ကျောင်းသား မောင်ရဲမင်းသန့်က "လူငယ်နှင့်အောင်မြင်ရေး" Grade-11 ကျောင်းသူ မခင်နှင်းဦးက "လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်"၊ Grade-10 ကျောင်းသား မောင်ပြည့်ဖြိုးပိုင်က "လူငယ်နှင့်ဆိုရှယ်မီဒီယာ" ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာမှတ်သားထားသော အသိပညာဗဟုသုတအကြောင်းများကို သက်ဆိုင်ရာခေါင်းစဉ်အလိုက် တစ်ဦးချင်းအလှည့်ကျ ပြောဆို ဦးဆောင်ဆွေးနွေးကြသည်။
ယင်းနောက် လူငယ်စကားဝိုင်း၏ဆွေးနွေးချက်များအပေါ် ဒုတိယမြို့နယ်ပညာရေးမှူးက ခြုံငုံသုံးသပ်ဆွေးနွေးပြီး တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူ ငါးဦးက ကဏ္ဍအလိုက်ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး တာဝန်ရှိသူများက ဦးဆောင်ဆွေးနွေးသူများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်သည်။ လူငယ်စကားဝိုင်းအပြီးတွင် ကျောင်းသား၊ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် နယ်လှည့်ရွေ့လျားစာကြည့်တိုက်ယာဉ်မှ သုတ/ရသစာအုပ်မျိုးစုံတို့ကို စိတ်ဝင်တစားဖတ်ရှုလေ့လာကြသည်။
လူငယ်စကားဝိုင်းများပြုလုပ်ပေးခြင်းဖြင့် အခြေခံပညာအရွယ်ကစ၍ စိတ်ဓာတ်ကြံ့ခိုင်မှု၊ မိမိကိုယ်ကိုယုံကြည်မှုနှင့် နယ်ပယ်အသီးသီး၌ လူအများရှေ့တွင် အချက်ကျကျ ပြောဆိုနိုင်သည့် စကားပြောစွမ်းရည်များပြည့်ဝလာစေမည်ဖြစ်သည့်အပြင် အသိပညာအတတ်ပညာရပ်များကို ပိုမိုစူစမ်းလေ့လာလိုစိတ်များရရှိလာစေမည်ဖြစ်ပြီး လူငယ်များ၏ တစ်ကိုယ်ရည်သန့်ရှင်းမှုနှင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်မှုဖွံ့ဖြိုးစေခြင်း၊ အသိဉာဏ်ပညာဖွံ့ဖြိုးမှုနှင့်အတူ ကောင်းမွန်သောအတွေးအခေါ်အယူအဆကောင်းများရရှိလာစေခြင်း၊ ဗဟုသုတပြည့်စုံ၍ စိတ်ဓာတ်ကြံ့ခိုင်ကာ လူမှုပေါင်းသင်းဆက်ဆံရေးကောင်းမွန်လာစေခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်မှုနှင့် မိမိတို့ဝါသနာအလိုက် သမ္မာအာဇီဝသက်မွေးဝမ်းကျောင်း ပညာရပ်များဖြင့် လောကကောင်းကျိုးသယ်ပိုးနိုင်စေခြင်းအစရှိသည့် ကာယ၊ ဉာဏ၊ မိတ္တ၊ စာရိတ္တနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးပြီး ဘက်စုံထူးချွန်ထက်မြက်သည့် လူတော်လူကောင်းများဖြစ်လာနိုင်စေရန် ရည်ရွယ်ချက်တို့ဖြင့် လူငယ်စကားဝိုင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)