ကော့မှူးမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာဖတ်ဝိုင်းကျင်းပ

ကော့မှူး ဇန်နဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် စာပေဝါသနာရှင်များ၊ စာပေချစ်မြတ်နိုးသူ(Book Club)အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယနေ့နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်မေဇင်ကိုကိုက ကျောင်းသား/ကျောင်းသူလူငယ်များအနေဖြင့် နောင်တစ်ချိန်တွင်တိုင်းပြည်၏ တာဝန်များကိုပခုံးပြောင်းထမ်းဆောင်ကြမည့်သူများဖြစ်သည့်အတွက် အသိပညာဗဟုသုတတိုးပွားစေရန်လိုအပ်ကြောင်း၊ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် သုတ/ရသစာအုပ်စာစောင်များအား လာရောက်လေ့လာငှားရမ်းဖတ်ရှုနိုင်ကြောင်းနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ Book Club အဖွဲ့ဝင်မရတနာကျော်ကစာ‌ရေးဆရာလူထုစိန်ဝင်းရေးသားသည့် အတွေးအမြင်ဆောင်းပါးများစာအုပ်ထဲမှ “ထူးချွန်မှုနဲ့ ထူးခြားမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်သားချစ်က “သန့်ရှင်းကြည်လင်တဲ့ပျော်ရွှင်ချမ်းသာခြင်း"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ရီရီဝင်းက “ဘာအမွေပေးခဲ့ကြမှာလဲ"ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

ထို့နောက် Book Club အဖွဲ့ဝင်မရတနာကျော်က ဆွေးနွေးရာတွင် အောင်မြင်တဲ့ ဘဝကိုရဖို့အတွက် ထူးထူးချွန်ချွန်ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ စကားကိုလူတိုင်းထပ်တလဲလဲကြားခဲ့ဖူးကြောင်း၊ သူလိုငါလိုရွက်ကြမ်းရေကျိုအဖြစ်မျိုးလောက်နဲ့တော့ ဒီခေတ်ကြီးမှာလူတစ်လုံးသူတစ်လုံးဖြစ်ဖို့ရာမလွယ်‌ဘူးဆိုသည့်အချက်ကို လူတိုင်းသိကြကြောင်း၊ နယ်ပယ်တစ်ခုခုမှာထူးထူးချွန်ချွန်ဖြစ်လာသူဆိုတာ တစ်သောင်းတစ်သိန်းမှာ တစ်ယောက်လောက်သာရှိပါကြောင်း၊ လူတိုင်းလူတိုင်းမှာကိုယ့်စရိုက်ကိုယ့်လက္ခဏာဆိုတာရှိမြဲမို့ လူတိုင်းအောင်မြင်ထင်ရှားတဲ့သူတစ်ဦးဖြစ်လာနိုင်ကြောင်း၊ အများနဲ့မတူတဲ့ဘယ်လိုစရိုက်လက္ခဏာမျိုး၊ ထူးခြားချက်မျိုး၊ ကိုယ့်မှာရှိနေတယ်ဆိုကိုသိရှိပြီး အဒီအချက်ကိုပေါ်လွင်ထင်ရှားအောင်လုပ်တတ်ရင် အောင်မြင်ထင်ရှားလာမှာအမှန်ဖြစ်ပါကြောင်း၊ ထူးချွန်အောင်မြင်မလာတာနဲ့စိတ်ဓာတ်ကျပြီး ဘဝကိုရေစုန်မျှောလိုက်နေကြတဲ့လူတွေအဖို့ မထူးချွန်ပေမဲ့ ထူးခြားအောင်လုပ်နိုင်ရင်လည်းအောင်မြင်ထင်ရှားလာနိုင်ကြောင်း စာအုပ်ပါအကြောင်းအရာများကို တက်‌ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)