အိမ်မဲ ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းတွင်းအာဟာရကျွေးခြင်း (School Meal) ဖွင့်ပွဲအခမ်းအနားကို အ.ထ.က(၂)ကျောင်းပညာ့ဗိမာန်ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးကျော်အောင်၊ မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်ခင်ဝင်းတို့က ကျောင်းတွင်းအာဟာရကျွေးမွေးရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကို ပြောကြားခဲ့သည်။
ဆက်လက်ပြီး အ.ထ.က(၂)ကျောင်းမှ KG ကျောင်းသား/သူများ အစားအစာမစားမီ လက်ဆေးနေမှု၊ အစားအစာစားသုံးနေမှုနှင့်အစာစားပြီး သွားတိုက်နေမှုများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ကျောင်းအကျိုးတော်ဆောင်များက ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အ.ထ.က(၁)၊ အ.လ.က ချောင်းဝကျောင်းများမှ ကျောင်းတွင်းအာဟာရကျွေးမွေးနေမှုများ ဆက်လက်ကြည့်ရှု အားပေးခဲ့ကြသည်။
အိမ်မဲမြို့နယ်အတွင်း အခြေခံပညာကျောင်း(၁၉၆)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူပေါင်း (၃၈၇၀)ဦးအား နိုင်ငံတော်ဘတ်ဂျတ်ဖြင့် ကျွေးမွေးခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရန်ရည်ရွယ်၍ ဤအစီအစဥ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
ချစ်သက်လယ်