ညောင်တုန်း ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ်၊ ဆင်ထုံးကျေးရွာအုပ်စု၊ ကြိမ်ပင်ဆယ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်သည့် အလေ့အထကောင်းများ ရရှိစေရေးနှင့် စာပေဖတ်ရှုခြင်း အကျိုးကျေးဇူးများ၊ လိမ္မာယဉ်ကျေးစေရန်အတွက် ယဉ်ကျေးမှုအခြေခံများစသည့် လူငယ်လူရွယ်များနှင့် ပတ်သက်သည့် လူငယ်ရေးရာအသိပညာပေး အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်လွင်က စားသုံးသူအခွင့်အရေးနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေး အကြောင်းအရာများကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စုစုခင်က အားကစားပြုလုပ်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများနှင့် အခြေခံအားကစားနည်းစနစ်များကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် အထွေထွေဗဟုသုတဆိုင်ရာ ဉာဏ်စမ်းမေးခွန်းများမေးမြန်း၍ ဆုလက်ဆောင်များပေးအပ်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နယ်လှည့်နံရံကပ်စာစောင်၊ စာအုပ်စာစောင်များပြသခြင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားသရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)